Thursday, October 11, 2012

မစိတ်ကောက် (မတ်စိတ်ကောက် ဟု အသံထွက်ရန်) :D

ကလေးလေးတွေ စိတ်ကောက်တဲ့ အကြောင်း ဘလော့တွေ နဲ့ ဖေ့ဘွတ်မှာ ဖတ်ရတော့ သမီးလေးမှုံ အကြောင်း ရေးထားဖို့ သတိရတယ်..။

သမီးအကြောင်း မပြောခင် သူ့အမေအကြောင်း ကိုယ့်ပေါင်ကိုယ် ( ဖွဖွလေး) ထောင်းရရင်ဖြင့် ..
တနင်္ဂနွေသမီးကျွန်မ သိတတ်စကတည်းက စိတ်ကောက်တတ်တာ ခုအရွယ်ထိပါပဲ ။ တနင်္ဂနွေသမီး ဆံပင်မကောက်ရင် ဖင်ကောက်၊ အဲဒီ ၂ ခု မကောက်ရင် စိတ်ကောက်တယ် လို့ ဆိုကြတယ်.. :P ။ 

အိမ်ကလူကြီးတွေ မကြာခဏ ပြန်ပြောပြပြီးရယ်ပွဲဖွဲ့တတ်ကြလို့ မှတ်မိနေတဲ့အကြောင်းတစ်ခုက...၊ ကျွန်မ ပထမတန်းတုံးက တစ်ကျောင်းတည်း တက်ရတဲ့ ၆ တန်းကျောင်းသူ မမလေးနဲ့ အလယ်တန်းကျောင်းကို  လမ်းတူတူလျှောက်သွားလေ့ရှိတယ်။ တခါတလေ ၁၀ တန်းကျောင်းသား ကိုကိုက သူ့အထက်တန်းကျောင်းသွားရင်း စက်ဘီးနဲ့ တင်ခေါ်သွားပြီး ကျောင်းဝင်ပို့ပေးတတ်တယ်။

တစ်ရက်မှာ ကျောင်းပို့ပေးမယ့် အစ်ကို အိမ်သာတက်နေတာကို ကြာလို့ဆို စိတ်ကောက်ပြီး လွယ်အိတ်လွယ် တစ်ယောက်တည်း ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထွက်သွားတယ်တဲ့..။ တကယ်တော့ လမ်းထိပ်က မုန့်ဆိုင်ကိုတောင် တစ်ယောက်တည်း မုန့်သွားဝယ်ရဲတာ မကြာသေး၊ တော်တော်လေးဝေးတဲ့ကျောင်းကို စိတ်ဆောင်ပြီး တစ်ယောက်တည်း ထွက်သွားတာ..။ အသက် ၆ နှစ်ရွယ် အသားညိုညို ဝဝပုပု ၊ ကတုံးဆံတောက်နဲ့ ကလေးမလေး ခြေဆောင့်ပြီး ထွက်သွားတဲ့ကျောကုန်းကို အိမ်ရှိလူကုန် အိမ်ရှေ့ ဂုံးတံတားကို ထွက်ကြည့်ကြ၊ သဘောတွေကျပြီး တိတ်တိတ် ကျိတ်ရယ်ကြသတဲ့..။ ငယ်ငယ်ကတည်းက စိတ်ကောက်လာခဲ့တဲ့ သမိုင်းပါ။ 

တစိမ်းအပေါ်တော့ ကောင်းပြီး မိသားစုအပေါ်သိပ်စိတ်ကောက်တတ် ၊ စိတ်ကောက်တယ်လို့ ပြောခံရရင် လည်း မိန်းမဆန်လွန်း နွဲ့လွန်းတယ်ထင်ပြီး မကြိုက်၊ စိတ်ကောက်တာမဟုတ်ဘူး..၊ စိတ်ဆိုးတာ လို့ ပြန်နှုတ်လှန်ထိုးတတ် ။ အခု ၃၀ ကျော် ၄၀ နားနီး အသက်ရောက်တော့ စိတ်မကောက်တတ်တော့ပါဘူးလို့ (အိမ်က မောင်ကြီးနဲ့ ရွာက အစ်မ ၂ ယောက် လာမဖတ်မိကြဘူး ဆိုရင်) ပြောချင်ပါတယ်။ သမီးအကြောင်း အစချီပြီး ကိုယ့်မကောင်းကြောင်းတွေ အကုန်ပေါ်တော့မယ်..တော်မှ..။

သမီးကလေးစိတ်ကောက်တတ်နေတာကို သတိထားမိတာ ကြာပြီ..။ သူတောင်းတာ တစ်ခုခုမပေးရင် သူမျက်နှာအပ်လို့ မှီတဲ့ ဆိုဖာခုံဆီဖြစ်ဖြစ်၊ စာအုပ်စင်အောက်ဆုံးထပ်ဆီဖြစ်ဖြစ် ပြေးသွားပြီး မျက်နှာမှောက်ချ ကောက်နေတတ်တာကို ရေးခဲ့ဖူးတယ်။ကျွန်မတို့ကတော့ သမီးလေး စိတ်ကောက်ရင် ချစ်စရာကောင်းလို့ သူမမြင်အောင် တစ်ယောက်တစ်ယောက် မျက်စပစ်ပြီး စောင့်ကြည့် သဘောတွေ ကျနေကြတာ..။  



 ဗီဒီယိုထဲမှာ သမီးက အမေ့ကိုချီခိုင်းတာ အမေက မချီလို့ စိတ်ကောက်နေတာ ..။

စိတ်ကောက်ရင်  နဖူးနဲ့ မွေ့ယာနဲ့ဆောင့်တယ်၊ ကြမ်းပေါ်ပစ်လှဲချ လူးလိမ့်တယ်။
စိတ်သာကောက်နေတယ်.. သူက လူလည်၊ အိပ်ရာပေါ်မှာစိတ်ကောက်ရင်သာ နဖူးနဲ့မွေ့ယာ ဆောင့် တယ်၊ အပြင်ဘက် ကြမ်းခင်း အမာပေါ်မှာ စိတ်ကောက်ရင်တော့ နဖူးနဲ့ ကြမ်းပြင် မဆောင့်ဘူးဗျ၊ အလည်မလေး..၊ တခြားနည်းနဲ့ စိတ်ကောက်ကြောင်းပြလေ့ရှိပ်ါတယ်။  ကြမ်းပေါ် ပစ်လှဲချကာနီးလည်း ကစားစရာတွေ ထမင်းပန်းကန်တွေ ရှိနေရင် ကြမ်းကို အရင် ရှင်းသေးတာ..။ ကြမ်းပြင် ရှင်းလင်းသွားမှ လှဲချ စိတ်ကောက်တာမို့ ကွယ်ရာက ကျိတ်ကျိတ်ရယ်နေရတာ အခါခါပါ။ တစ်ခါက အောက်ဆင်း လမ်းလျှောက်ရင်း တိုက်တစ်ခုအောက် ကွက်လပ်မှာ သမီးစိတ်ကောက်တယ်။ ပစ်လှဲချရင် အဝတ်အစားတွေ ပေရေကုန်တော့မှာပဲလို့ ပူနေတုံး သူက ကောက်ရင်း ဆောင့်ကြောင့်လေး ထိုင်ပြီးမှ အောက်ခြေအခင်း ပုံမလာလို့ ထင်တယ်.. လှဲမချတော့ပဲ ပြန် မတ်တပ်ရပ်သွားတော့တယ်။


အခု နောက်ပိုင်းတော့ နဖူးကို လက်နဲ့ထုတာ၊ ကိုယ့်ခေါင်းကိုယ် ပြန်ထုတာတွေ လုပ်လာတယ်။   စိတ်လုပ်ပြီး နောက်ကို ရုတ်တရက် ပစ်လှဲချတတ်လာတယ်။ စိတ်လုပ်တဲ့ အကြိမ်လဲ ပိုစိပ်လာတယ်။  တစ်ခါ စိတ်ဆိုးပြီး နောက်ကို ပစ်လှဲချလိုက်တာ မွေ့ယာပေါ်က ခေါင်းက ကျော်ထွက်ပြီး နောက်စေ့နဲ့ အောက်ခြေ သမံတလင်းနဲ့ ဆောင့်မိသေးတယ်။ အဲဒီလိုမျိုးဖြစ်တဲ့အခါကျ ကျွန်မတို့လည်း ခေါင်းခဲရပါတယ်။ သမီးစိတ်ကြီးတာ၊ စိတ်ကောက်တတ်တာက ကျွန်မဆီက အမွေကို အထုပ်လိုက် အထည်လိုက် ရယူထားတာကိုး...။

အခုတလော ကလေးသူငယ်ပြုစုပျိုးထောင်ရေးစာအုပ်တွေ ၊ ကလေးအကြောင်းနဲ့ ပတ်သက်တဲ့  WEBSITE တွေ ဖတ်ရတော့တယ်။  ကလေးတွေ စိတ်အလိုမကျတတ်တာ၊ စိတ်ကြီးတတ်တာဟာ ၂ နှစ် ၃ နှစ်အရွယ်မှာ အဆိုးဆုံး တဲ့။ အဲဒီအရွယ်ကလေးက စူးစမ်းချင်တာတွေ၊ လုပ်ချင်တာတွေနဲ့ လူကြီးတွေ မလုပ်စေချင်တာတွေနဲ့ လုံးဝ ကွက်တိဖြစ်နေလို့ ထိပ်တိုက်တွေ့ကြတယ်တဲ့။ သမီးလေး ၂ နှစ်ပြည့်ရင် တော့ ဒီထက်ပို စိတ်ကောက်တော့ စိတ်ကြီးတော့မှာလားလို့ အမေ ပူမိပါရဲ့ ...။

အခုတော့ သမီးလေး တကယ်ဝမ်းနည်းလို့၊ တကယ်စိတ်ဆိုးလို့ ငိုရင်တော့ အမေက ပွေ့ဖက်ပြီး ချော့မော့လိုက်ရင် သမီးလေးက ကျေနပ်သွားတတ်ပါတယ်။ ဆိုးချင်လို့.. တမင် စိတ်လုပ်တဲ့အခါမျိုးကျရင်တော့လည်း အခြေအနေကြည့်ပြီး မသိချင်ယောင်ဆောင်တဲ့အခါဆောင် ရတာပေါ့လေ...။

သမီးလေး နားလည်တတ်တဲ့ အရွယ်ရောက်ရင်တော့ ဒေါသကြီးတာကို လျှော့နိုင်အောင်၊  ဘယ်အရာကမှ ကိုယ့်အလိုအတိုင်းဖြစ်လာဖို့မလွယ်ဘူး ဆိုတာတွေ သိအောင် အမေက တဖြည်းဖြည်း သင်ပေးရဦးမယ်..။ သမီးကို မသင်ခင်  အမေကိုယ်တိုင်လည်း ဒေါသထွက်တုံး သတိထားနိုင်ဖို့နဲ့ ၊ မကြာခဏ မေ့မေ့နေတတ်တာတွေ သတိတရရှိအောင် သတိထားရဦးမယ် သမီးရေ.....။





7 comments:

mae said...

တို့လဲ ငယ်ငယ်က အရမ်းစိတ်ကောက်တတ်တာ :P
မှုန်လေး စိတ်ကောက်နေတာ ရီရတယ်.. ချစ်စရာလေး

JuneOne said...

Edwin လဲ တနင်္ဂနွေ..ဒါပေမယ့် ဆံပင်လည်းမကောက်..စိတ်မကောက်..အတွင်းကောက်လားတော့ မသိဘူး....လူကြီးတွေက အဲလိုပြောကြတယ်။

JuneOne said...

အိမ်မှာ မေ့ ကို စိတ်ကောက် အောင် တမင်စတယ်။ချစ်လို့...မှုံက ဘာနေ့သမီးလဲ

mstint said...

သမီးလေးမှုံ စိတ်ကောက်တတ်တာ အမေတူသမီးလေးမို့ ပိုပြီးစိတ်ရှည်ပေးရမှာတော့ အသေအချာပေါ့ စင်စင်ရေး)
တနင်္ဂနွေသမီးတွေ ဆံပင်မကောက် ဖင်မကောက်ရင် စိတ်ကောက်တတ်တယ်ဆိုတာ ကြားဘူးတယ်။ တီတင့် တစ်ဝမ်းကွဲညီမလေးကတော့ ဖင်လည်းကောက် စိတ်လည်းကောက်ပဲ စင်စင်ရေး)
စကားမစပ် တီတင့်ဘက်ကို ကလေးထိန်းရင်း ရောက်မလာသေးဘူးနော် ၁၈ရက်နေ့ တီတင့်ပြန်တော့မယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thandar Lwin said...

စင်စင် က စိတ်ကောက်တတ်မယ်လို့ မထင်ရဘူးနော် ။ မှူံလေး စိတ်ကောက်တာ လေးက လဲ အသံလေးပေးပြီး ကောက်တာ ချစ်စရာလေးး။

Rita said...

စိတ်မကောက်တတ်ဘူး။ စိတ်နဲ့ပတ်သတ်ရင် ဒေါသထွက်တာရယ် စိတ်ဆိုးတာရယ်ပဲ ဖြစ်တတ်တယ်။

ဒါပေမဲ့ စိတ်ကောက်တတ်တာကို ကြိုက်တယ် (ကလေးလေးများနှင့် ယောက်ျားများသာ၊ အရွယ်ရောက်ပြီး မိန်းကလေးများမပါ)။

စိတ်ကောက်ပြီး မခေါ်နိုင်မပြောနိုင်ဖြစ်၊ မသိချင်ယောင်ဆောင်နေမှ သူ့ဘာသာ စိတ်ပြေပြီး ပြန်လာခေါ်တတ်တာကို ကြိုက်တယ်။ =D

ကောက်ကောက်မှုံ :*

AMK said...

မှုံလေး စိတ်ကောက်တာချစ်စရာလေး